.ဘဝအဆက်ဆက်က ပါလာတဲ့ အစောင့်အရှောက်တွေ နှင့် ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး (ဖြစ်ရပ်မှန်).

.ဘဝအဆက်ဆက်က ပါလာတဲ့ အစောင့်အရှောက်တွေ နှင့် ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး (ဖြစ်ရပ်မှန်).

ဘဝအဆက်ဆက်က ပါလာတဲ့ အစောင့်အရှောက်တွေ နှင့် ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး (ဖြစ်ရပ်မှန်)

မယုံမရှိနဲ့လို့ပဲ ပြောရတော့မယ်ဗျ..

ဒီနေ့ ကျွန်တော့် အတွေ့အကြုံလေးကနေ ဖတ်မိတဲ့သူတစ်ချို့တွေများ ရောဂါနဲ့ဆေးတွေ့ပြီး ပျောက်ကင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးပေးတာပါ။ ခုအောက်မှ ရေးထားတာတွေက အဖြစ်မှန်တွေပါပဲ.. ခက်တာက science သမားတွေတော့ ယုံဖို့ ခက်နိုင်ပါတယ်။

အဲ့လို လူမျိုးတွေဆိုလည်း ကျော်သွားပေးပါ။ ကျွန်တော်ကိုယ်တိုင်လည်း logical သမား၊ science သမားလို့ပဲ ပြောရမှာပဲ။ ပညာရေးနဲ့ ပတ်သက်လို့လဲ အင်ဂျင်နီယာဘွဲ့တစ်ခု၊ဒီပလိုမာတစ်ခု၊ MBA ဘွဲ့တစ်ခု၊ ကွန်ပျူတာဒီပလိုမာ ၂ ဘွဲ့ ယူထားတာဆိုတော့…အကြောင်းအရာ တော်တော်များများကို logically ပဲ စဉ်းစားတာ များပါတယ်။ ဝိညာဉ်ဝင်ပူးတာတို့၊ မမြင်ရတဲ့ အစောင့်အရှောက်တို့ဆိုတာ ကိုယ်နဲ့ နဲနဲ ဝေးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ လလောက်တုန်းက ကိုယ်မျက်စိရှေ့မှာပဲ တစ်ယောက် ဝင်ပူးတာကို မြင်ရတော့မှ ဒါတွေက တစ်ကယ်ရှိနိုင်တယ်၊ beyond our imagination လို့ပဲ မှတ်ယူလိုက်တယ်။

အဲ့တုန်းက အဖြစ်အပျက်က သူငယ်ချင်းအိမ်မှာ ဘုရားပင့်တော့ သွားဖူးတာ။ ကိုဗစ်ကာလဆိုတော့ လူလည်းသိပ်မများပါဘူး။ အဲ့အချိန် ဘုရားခန်းထဲမှာ ရှိလှ လူ ၁၀ ယောက်လောက်ပဲ။ ဘုရားရှိခိုးတဲ့သူ ခိုး၊ ပဌာန်းရွတ်တဲ့သူ ရွတ်ပေါ့။

အဲ့အချိန်မှာပဲ လာဖူးတဲ့ အမျိုးသမီးတစ်ယောက် (နောက်မှသိရတာ ကျောင်းဆရာမ) ရဲ့ သာဓုခေါ်သံက အကောင်တစ်မျိုးမျိုးက သာဓုခေါ်တဲ့ အသံမျိုးကြီး.. သာ.. ဓု.. ကို မနည်းကြီး အားတင်းပြီး ထူးဆန်းတဲ့ အသံနဲ့ ခေါ်နေတာ။ နောက်တော့ အဲ့အမျိုးသမီးက တရုတ်ရှေးဟောင်းသီချင်းလိုမျိုးကို ဆိုတော့တာပဲ.. ကိုယ်ကြားတာတော့ ရွှီ.. ရှောင်.. ရွှမ်.. လိုမျိုးတွေပဲ.. နားလည်တဲ့သူက ပြန်ရှင်းပြမှ.. ဘုရားဖူးရတဲ့ အတွက် ကျေးဇူးတင်ကြောင်း လာပြောတာတဲ့..

ကိုယ်တွေမှာလည်း ကြက်သီးတွေ ဘာတွေ ထလို့… နောက်တော့ ဝင်ပူးတဲ့ သူက ပြန်ထွက်သွားတယ်ထင်တယ်.. အဲ့အမျိုးသမီးလည်း သူပြောတာတွေ ဘာမှမမှတ်မိဘူး (တရုတ်စကားလည်းမသိ၊ တရုတ်စကားဆိုတာ ပန်းကိုပြောတာလားလို့ ပြောမဲ့သူမျိုး).. နောက်တော့ မိသားစုနဲ့တူတူ အေးရာအေးကြောင်းပဲ ပြန်သွားတယ်။ (ကြောင်ပြီး ကြည့်နေတာနဲ့ ဗီဒီယိုနဲ့ မှတ်တမ်း မတင်မိလိုက်လေခြင်းလို့ နောင်တရမိတယ်။)

ဒီနေ့တော့ ကိုယ့်မရီး ကျန်းမာရေးအတွက် သွားမေးတော့မှ ကိုယ့်မိန်းမက မှတ်တမ်း မိမိရရ တင်ထားလိုက်တယ်။ (ဒါပေမယ့် ကာယကံရှင်က ရှက်လို့ မတင်နဲ့ ဆိုတာနဲ့ ဗီဒီယိုတော့မတင်တော့ပါဘူး။)

ကိုယ့်မိန်းမရဲ့ အစ်မလည်း ဖြစ်သလို၊ NCC တက်တုန်းက ကျောင်းမှာ လောင်းကျော်ခဲ့တဲ့ ၁၃ ယောက်အဖွဲ့မှာလည်း သူတို့ ညီအစ်မကလည်း တူတူဆိုတော့၊ သူငယ်ချင်းလိုလည်း ဖြစ်နေတာပေါ့.. ကိုယ်တွေ အဖွဲ့ကလည်း မောင်နှမတွေလို၊ ညီအစ်ကိုတွေလို ခင်ကြတာလေ။ ကိုယ်တွေကသာ တစ်ဆင့်တက်ပြီး လင်မယား ဖြစ်သွားတာ။

ဒီနှစ်မှာတော့ ကိုယ့်မရီးမှာ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီး ပေါ်လာရော၊ အစကတော့ ရိုးရိုး ရေအကြိတ်ဆိုတာကနေ ကင်ဆာဆဲလ် ဆိုတာနဲ့ ခွဲစိတ်ရတာတွေ၊ ဆေးသွင်းရတာတွေ ဖြစ်လာရော။ ကိုဗစ်ကာလဆိုတော့ ဘန်ကောက်လည်း သွားလို့မရတာနဲ့.. ရန်ကုန်မှာပဲ လုပ်ရတော့တာပေါ့.. ဆေးတွေကလည်း ပြင်းသလားမမေးနဲ့ ဆံပင်တွေဆို ဖြူပြီး ကျွတ်ကုန်တာနဲ့ ကတုံးနဲ့ပဲ နေရတော့တယ်။

တရားကျဖို့လည်း ကောင်းပါတယ်.. ငယ်ငယ်တုန်းက ချောချောလေးကနေ ခုတော့ ကင်ဆာက ပညာပြတာကို ခံနေရတာပေါ့.. (ကင်ဆာမဖြစ်ချင်ရင် အချိုရှောင်၊ အဆီအစိမ့်ကို တက်နိုင်သမျှရှောင်ပေါ့.. ကျန်တာတော့ ကံပါပဲ။)

လွန်ခဲ့သော ၆ လ လုံးလုံး အဲ့လိုပဲ ဆေးသွင်းလိုက်၊ အနားယူလိုက် နေရာကနေ.. ပြီးခဲ့တဲ့လက ထပ်စစ်ကြည့်တော့.. ထပ်တွေ့တာနဲ့ ဂျိုင်းအောက်ကိုပါ ထပ်ခွဲရပြန်ရော.. ဆေး က မတိုးသလို ဖြစ်နေတာ။ မြန်မာပြည်က ကင်ဆာကုတဲ့ ပုံစံက ပေါ်လာတာတွေ ရှင်းထုတ်မယ်ပုံစံ၊ ဘန်ကောက်က ကုတဲ့ပုံစံက root cause ကို သတ်တဲ့ပုံစံ။ အဲ့ဒါနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘန်ကောက်မှာ သွားကုတော့မယ် လုပ်ကြတာပေါ့။

သွားမကုခင် သေချာအာင် သိပ္ပံဖက်ကရော၊ ဝိဇ္ဇာဖက်ကရော အကူအညီတွေနဲ့ လုပ်တာကောင်းမယ်ဆိုတာနဲ့.. (အတွေ့အကြုံရှိတဲ့သူတွေကလည်း ညွှန်းတာနဲ့) ဒီနေ့ သန်လျင်ဖက်ကို ရောက်ပါလေရော။

ကိုယ်က ကားမောင်း၊ ကိုယ့်မိန်းမရယ်၊ ကိုယ့်အစ်မကြီးလိုဖြစ်နေတဲ့ ကိုယ့်မရီးရယ်၊ တူမရယ်၊ လိုက်ပို့ပေးတဲ့ သူငယ်ချင်းရယ် သန်လျင် ဈေးနားက နေရာတစ်ခုဆီ သွားကြပါရော။ကိုယ်က လမ်းကျဉ်းလို့ ကားစောင့်ပြီး နေခဲ့လိုက်တယ်။ အမျိုးသမီး ၄ ယောက် အဲ့ဒီအိမ်ထဲ ဝင်သွားတာနဲ့.. အိမ်ထဲက ဆရာမလေးက တန်းပြောတာပဲ.. ကိုယ့်မရီးနောက်မှာ အစောင့်အရှောက်အဖြစ် အမျိုးသမီး တစ်ယောက်ရယ်၊ ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးကြီး တစ်ယောက်ရယ် ပါလာတယ်တဲ့။

နောက်တော့ သိပ်မကြာပါဘူး.. ကိုယ့်မရီးက လက်တွေ ပူးလာပါတယ်။ သတိထားမိတဲ့ ကိုယ့်အမျီးသမီးလည်း ဗီဒီယို ကောက်ရိုက်ထားလိုက်တယ်။ တူမက သူ့အမေကို ထိန်းပေးထားရင်းနဲ့ကို ကိုယ့်မရီးက လက်တွေကို လိမ်ကောက်ပြီး၊ ကိုယ်ကို ယိမ်းရင်း၊ လက်တွေဦးချသလို တစ်တုန်တုန်နဲ့ ဖြစ်တော့တာပဲ..

အဲ့လို လက်အုပ်ချီပြီး ယိမ်းထိုးနေတာ ၄ မိနစ်လောက်တော့ရှိမယ်၊ အတွေ့အကြုံများတဲ့ ဆရာမလေးကလည်း အမျှဝေပေး သာဓု ခေါ်ဖို့ ခေါင်းကိုင်ပြီး ပြောတော့မှ ကြမ်းပြင်ကို တစ်ဒုန်းဒုန်းနဲ့ ထုပြီး ဦးချပြီး.. ပျော့ခွေသွားတော့တယ်။ (သူ့ကို ပြန်မေးကြည့်တော့.. ပြောတာတွေတော့ မမှတ်မိဘူး၊ လက်တွေကတော့ ထိန်းလို့မရဘူးတဲ့။ အရင်တုန်းကလည်း သူက အဲ့လို ၂ ခါလောက် ဖြစ်ဖူးတယ်။ ဒေးစွန်ပါ သွားတုန်းကရယ်၊ သူ့အိမ်မှာ ဘုန်းကြီးကြွတုန်းကရယ် အဲ့လို ဖြစ်ဖူးတယ်။)

အဲ့အချိန်မှာ (အဘဘိုးမင်းခေါင်) ကို မေးထားလို့ သိရသမျှတော့ ဝမ်းသာစရာ ကောင်းပါတယ်။ ရောဂါက နိုင်ငံခြားမှာ သွားကုရင် ပျောက်သွားမယ်၊ အဲ့ဒီမှာ ဆရာကောင်းတွေနဲ့တွေ့ပြီး ရောဂါသက်သာသွားမယ်။ အသက်အန္တရာယ် မရှိဘူး၊ သာသနာ ပြုရဦးမယ်ဆိုတယ်။ လေယာဉ်လတ်မှတ် ခက်ခဲနေတာလည်း အဆင်ပြေသွားမယ်တဲ့။ (ဘေးမှာရှိနေသူတွေကလည်း မနာလိုသူတွေက လုပ်ထားတာမဟုတ်ပဲ၊ နဂိုဘဝအဆက်ဆက်က ပါလာတဲ့ အစောင့်အရှောက်တွေတဲ့။)

ခုချိန်က ဘန်ကောက်ကို ဆေးကုသွားဖို့က လေယာဉ်ကလည်း တစ်လမှာမှ တစ်ခေါက်ပဲရှိတယ်လေ။ ခုတော့ ဖေဖေါ်ဝါရီလထဲမှာ သွားလို့ရအောင် ကြိုးစားနေတယ်။ ဆေးရုံမှာ ၂ ပတ်နေပြီးလို့ ကုသပြီးရင်လည်း နောက်ထပ် ၂ ပတ် လောက် ထပ်နေပြီး မှ ရန်ကုန်ပြန်လာလို့ရမှာ။ ဒါတောင် လေယာဉ်လတ်မှတ် အဆင်ပြေဦးမှ။

ကိုယ်မိတ်ဆွေတွေထဲမှာ လေယာဉ်လတ်မှတ်နဲ့ ပတ်သတ်တာပဲ ဖြစ်ဖြစ်၊ ဘာမွန်ဂရက်ဆေးရုံနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကူညီနိုင်တာရှိရင်လည်း ကူညီပေးပါဦး။ ကိုယ့် အစ်မကြီး ရောဂါ ပျောက်ကင်းဖို့လည်း ဆုတောင်းပေးကြပါဦး..

အားလုံးလည်း ကျန်းမာ၊ ရွှင်လန်းပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ (Aung Moe Lwin)

admin